မျက်နှာများတဲ့ ယောကျ်ားတွေမှာ တွေ့ရတတ်တဲ့ အမူအကျင့်များ

မိန်းကလေးအများစုက သူတို့ရဲ့ အချစ်ကို တစ်ယောက်ဆိုတစ်ယောက် ပုံအောချစ်တတ်ကြပေမယ့် တစ်ချို့သောယောကျ်ားလေးတွေကတော့ အချစ်တွေဝေမျှရတာကို ကြိုက်နှစ်သက်တတ်သူတွေပါ။

သူတို့တွေရဲ့ အချစ်ဟာ အရမ်းကို များပြားလွန်းပြီး တစ်ဦးတစ်ယောက်တည်းနဲ့ မကျေနပ်နိုင်ပဲ တစ်ခြားသူတွေကိုပါ ဝေမျှတတ်တဲ့ မျက်နှာများသူတွေ ဖြစ်ကြပါတယ်။

မျက်နှာများတဲ့ သူဟုတ်မဟုတ်ဆိုတာကို သူတို့ရဲ့ရုပ်ရည်ကို ကြည့်ရုံနဲ့ မသိနိုင်ပေမယ့်လို့ သူတို့ရဲ့ အမူအကျင့်တွေကတစ်ဆင့် သိနိုင်ပါတယ်။ မျက်နှာများတဲ့ ယောကျ်ားတွေမှာ ဒီလိုအမူအကျင့်တွေ ရှိလို့နေပါတယ်နော်။

(၁) အပြောကောင်းတယ်

အပြောကောင်းတိုင်းတော့ မျက်နှာများတယ်လို့ ပြောလို့မရပေမယ့် မျက်နှာများတဲ့သူတိုင်းကတော့ အပြောကောင်းကြပါတယ်။ သူတို့ရဲ့ ပစ်မှတ်ကိုချိန်ရွယ်ဖို့ အပြောချိုချိုလေးတွေနဲ့ ပထမဆုံးစတင်တတ်ကြပါတယ်။

မိန်းကလေးတွေက အပြောကောင်းတဲ့လူတွေကို သဘောကျတတ်ကြတာကို သိထားပြီး ဘယ်လိုပုံစံမျိုးပြောရင် သူတို့ဖက်ပါလာမလဲဆိုတာ ကောင်းကောင်းသိတဲ့ သူတွေဖြစ်ပါတယ်။

သူတို့တွေဟာ မိန်းကလေးတွေရဲ့ အမူအကျင့်တွေကို ကောင်းကောင်းလေ့လာသိရှိထားတဲ့ သူတွေပါ။ ဒါကြောင့် မိန်းကလေးတွေအနေနဲ့ အပြောကောင်းတဲ့သူကို ရွေးချယ်တော့မယ်ဆိုရင် သေချာလေ့လာဖို့ လိုအပ်ပါလိမ့်မယ်။

(၂) ကတိလွယ်လွယ်ပေးတတ်ခြင်း

မျက်နှာများတဲ့ ယောကျာ်းတွေရဲ့ အကျင့်တွေထဲကတစ်ခုက ကတိလွယ်လွယ်ပေးတတ်တာပဲ ဖြစ်ပါတယ်။ မိန်းကလေးတွေရဲ့ ယုံကြည်မှုရအောင် ကတိတွေကို သူတည်နိုင်သည်ဖြစ်စေ၊ မတည်နိုင်သည်ဖြစ်စေ လွယ်လွယ်ကူကူပဲ ပေးတတ်ကြပါတယ်။

ပေးပြီးသား ကတိတွေကလည်း မတည်နိုင်တာ ပိုများပါတယ်။ သူတို့က လက်ရှိအချိန်ကို အကောင်းဆုံးဖြစ်သွားစေမယ့် အခြေအနေကိုပဲ ဖန်တီးတတ်ကြပြီး နောက်ပိုင်းဖြစ်ချင်ရာဖြစ် သဘောထားတဲ့ သူတွေပါ။

(၃) အမှားတွေ ထပ်တလဲလဲ ကျူးလွန်တတ်ခြင်း

သူတို့တွေဟာ ပေးထားတဲ့ကတိတွေကို ချိုးဖျက်ဖို့ ဝန်မလေးသလိုပဲ အမှားတွေလဲ ထပ်ထလဲလဲ ကျူးလွန်တတ်သူတွေ ဖြစ်ကြပါတယ်။ အမှားတွေအတွက် ခဏလောက်တောင်းပန်ပြီးသွားပြီးရင် ထပ်ပြီးအမှားတွေ ကျူးလွန်ဖို့ အဆင်သင့်ဖြစ်နေတတ် သူတွေပါ။ အပြောနဲ့အလုပ်နဲ့ မညီတဲ့သူတွေ ဖြစ်ကြပါတယ်။

(၄) မိန်းကလေးတွေနဲ့ လိုတာထက်ပိုပြီး အရောတဝင်နေတတ်ခြင်း

မျက်နှာများတဲ့ ယောကျ်ားအများစုက မိန်းကလေးတွေနဲ့ အရောတဝင် ရင်းရင်းနှီးနှီး နေတတ်သူတွေပါ။ သူတို့တွေဟာ အီစီကလီ အထာပေးရတာတွေကို သဘောကျပြီး ပိုလှပိုချောတဲ့ ကောင်မလေးတွေတွေ့ရင် အချိန်မရွေး ဂွင်ဖန်တတ်တဲ့ သူတွေဖြစ်ကြပါတယ်။ ဒါကြောင့် မိန်းကလေးတွေအနေနဲ့ ကိုယ့်ရဲ့ချစ်သူကို သေချာလေ့လာပြီးမှ ရွေးချယ်သင့်ပါတယ်။

Khin
Credit:Mia (Momolay)