အိမ်ထောင်မပြုခင် ကိုယ့်ချစ်သူနဲ့အတူ လုပ်ဖူးထားသင့်တဲ့ အရာ (၄) ခု

ကိုယ့်ချစ်သူနဲ့အတူ အိမ်ထောင်တစ်ခု တည်ထောင်ဖို့ ဆုံးဖြတ်ချက်မချခင်မှာ အရင်ဆုံး သူနဲ့အတူ ပြုလုပ်ဖူးသင့်တဲ့အရာတွေ ရှိနေပါတယ်..။

တစ်ယောက်အကြောင်း တစ်ယောက်ဘာမှ ဂဃနဏမသိပဲ တွဲတာ လပိုင်းလောက်နဲ့ မင်္ဂလာခန်းမထဲ ဝင်လိုက်မိတယ်ဆိုရင်တော့ ဒီအိမ် ထောင်ဟာ နားလည်မှုပိုင်း အားနည်းနိုင်သလို၊ အိမ်ထောင်ရေး ပြသနာတွေလည်း ရှုပ်ထွေးနိုင်ပါတယ်..။

ခုလို ပြောလို့ အရင်က လူကြီးမိဘတွေ ပေးစားတဲ့အတိုင်း တွေ့ကြည့်ပြီး ယူလိုက်တာမျိုးတွေ ရှိနေတာပဲ၊ တစ်သက်လုံး အေးအေးချမ်းချမ်း နေသွားနိုင်ကြတာပဲလို့ ဆိုစရာ ရှိပါတယ်..။

ဒါကို ပြန်မေးစရာရှိတာက ခုလို အိမ်က ဒီလူနဲ့သင့်တော်တယ်ဆိုလို့ အိမ်ထောင်ပြုရာက အဆင်မပြေတာ၊ ဖောက်ပြန်တာ၊ နားမလည်တာတွေ ရှိကြရင်တောင် အရင်ခေတ်ကလူတွေဟာ ကွဲဖို့၊ ကွာဖို့ လွန်စွာရှက်ရွံတတ်ကြတဲ့ လူမျိုးတွေပါ..။

ကွဲလိုက်မယ်ဟဲ့ ဆိုတဲ့စိတ်ကို မျိုသိပ်၊ နာကြည်းမှုတွေနဲ့သာ တစ်သက်လုံး နေသွားရတာမျိုးတွေ ရှိတာမို့ ဒါမျိုးတွေ မဖြစ်ရအောင် အိမ်ထောင်မပြုခင် လုပ်ဖူးထားသင့်တဲ့ အရာတွေကို ခုလို အကြံလေးတွေ ပေးချင်ပါတယ်..။

၁။ တစ်ဦးနဲ့ တစ်ဦး ရန်ဖြစ်ကို ဖြစ်ဖူးထားရပါမယ်။

ကိုယ်အိမ်ထောင်ပြုမယ့် သူနဲ့ တစ်ခါဆိုတစ်ခါမှ ရန်ဖြစ်တာမျိုး မရှိဘူးလား။ ဒါဆို တစ်ယောက်နဲ့ တစ်ယောက် သဘောမတူညီတဲ့ ကိစ္စရပ်တွေ၊ နှစ်သားကြားက ဇြစ်လာနိုင်တဲ့ ပြသနာတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းဖို့ စဉ်းစားထားပါ သလဲ..၊

သဘာဝကျကျပဲ ဆိုရမယ်ဆိုရင် အတွဲတိုင်းဟာ အနည်းဆုံး ပြသနာတစ်ခါ၊ နှစ်ခါ၊ ဒီ့ထက်မက တက်ဖူးကြပါတယ်။ ဒီလိုအချိန်မှာ တစ်ဦးနဲ့တစ်ဦး နားလည်မှုပိုရှိသွားတာမျိုး ကြုံရမှာ ဖြစ်သလို သူမကြိုက်တာ၊ ကိုယ်မကြိုက်တာတွေလည်း ပိုသိသွားမှာပါ..။

ဒီလိုမျိုး ပြသနာတစ်ခါမှမတက်ဖူး၊ ရန်တစ်ခါမှမဖြစ်ဖူးတဲ့သူနှစ်ဦး အိမ်ထောင်ကျတဲ့အခါ စိတ်သဘောထား မတိုက်ဆိုင်တာတွေ ကြုံလာရရင် သူတို့ဘယ်လိုကိုင်တွယ်ဖြေရှင်းရမယ်ဆိုတာ မသိနိုင်ပါဘူး..။

၂။ နှစ်ဦးစလုံးနဲ့ မရင်းနှီးတဲ့ နေရာဒေသတွေကို ခရီးအတူထွက်ဖူးထားရပါမယ်..။

အိမ်ထောင်ပြုခြင်းဟာ စွန့်စားခန်းကြီးလို့တော့ မဆိုချင်ပါဘူး။ ဒါပေမယ့် ထူးဆန်းတာတွေကို မြင်တွေ့ ကြုံတွေ့ရမယ့် ခရီးရှည်ကြီးတစ်ခုလို့တော့ ပြောပါရစေ..။

ဒီတော့ ဒီခရီးကို အတူသွားမယ့် လူနှစ်ယောက်မှာ မကြုံတွေ့ဖူးတဲ့ အရာတွေနဲ့ ကြုံလာရတဲ့အခါ၊ သူစိမ်းတွေနဲ့ တွေ့ဆုံဆက်ဆံတဲ့အခါ ဘယ်လိုတုံပြန်မလဲ၊ ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာမျိုးဟာ သင်တို့နှစ်ယောက်အတူ ခရီးသွားဖူးတဲ့အခါ သိသွားမယ့်အရာပါပဲ။ သင်တို့နှစ်ဦးမှာ အစီအစဉ်ကျကျ စဉ်းစားထားတာမျိုးတွေ ကြုံဖူးသွားမယ်..။

ကိုယ်စီစဉ်ထားသလို ဖြစ်မလာတဲ့အခါ ဘယ်လိုပြန်စဉ်းစားဆုံးဖြတ်ကြမယ်ဆိုတဲ့ အတွေ့အကြုံတွေ၊ စိတ်လှုပ်ရှားစရာ အသစ်အသစ်သော အရာတွေ အားလုံးဟာ သင်တို့အတူ ခရီးသွားဖူးထားပါမှ ပိုအဆင်ပြေလိမ့်မယ်လို့ အကြံပေးချင်ပါတယ်..။

၃။ နှစ်ဦးနှစ်ဖက်က မိသားစုဝင်တွေနဲ့ ရင်နှီးပြီးသား ဖြစ်ရပါမယ်..။

အိမ်ထောင်ပြုတဲ့အချိန်ရောက်မှ ကိုယ့်ချစ်သူရဲ့ မိဘတွေ၊ မောင်နှမတွေကို မြင်တွေ့ဖူးတာမျိုး ဘယ်လိုမှ မဖြစ်သင့်ပါဘူး။ ရည်းစားဘဝမှာကတည်း တစ်အိမ်ကို တစ်အိမ် ဝင်ထွက်နိုင်ရင်တော့ ပိုကောင်းပါတယ်..။

ဒီလိုဆိုရင် ကိုယ့်ချစ်သူရဲ့ မိသားစုဝင်တွေအကြောင်း၊ သူတို့ရဲ့ စိတ်နေစိတ်ထား၊ နေပုံထိုင်ပုံစတာတွေကို အကဲခတ်နိုင်မှာ ဖြစ်သလို ကိုယ့်ချစ်သူအကြောင်းလည်း ပိုနားလည်လာပါလိမ့်မယ်..။

၄။ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် လေ့လာသုံးသပ်ဖူးရပါမယ်..။

ချစ်သူနှစ်ဦးမှာ တစ်ဦးက အလုပ်တွေ များလွန်းလို့ ကိုယ့်ကိုအချိန်မပေးနိုင်တာကြောင့် သိပ်မတွေ့ဖြစ်ကြဘူးဆိုတဲ့ စကားဟာ တကယ်တော့ စိတ်ကုန်ဖို့ ကောင်းလွန်းပါတယ်..။

ဘယ်သူမဆို ကိုယ်ချစ်ရတဲ့သူအတွက်တော့ မရရအောင် အချိန်ဖဲ့ပေးတတ်ကြပါတယ်။ ဒါမှလည်း တစ်ဦးရဲ့အကြိုက်၊ တစ်ဦးရဲ့သဘောထားတွေကို နားလည်နိုင်မှာဖြစ်ပြီး နားလည်မှုဆိုတာလည်း ပိုရှိနိုင်မှာပါ..။

ဒီလိုအချိန်ကျမှ တစ်ဦးနဲ့တစ်ဦး သုံးသပ်ဆုံးဖြတ်ရင်း ငါသူနဲ့ ဘဝတစ်လျှောက်နဲ့ အတူနေဖို့ အဆင်ပြေမလားဆိုတာ တွေးရမှာပါ..။

Credit : Loveshop