အတွေးအခေါ် မြင့်မားတဲ့ မိန်းကလေးတွေမှာပဲ ရှိနိုင်မယ့် ချစ်သူအပေါ်ထားတဲ့ ခံယူချက်များ

သာမာန်မိန်းကလေးတွေထက် ထူးခြားတဲ့ အတွေးအခေါ်မြင့်မားတဲ့ မိန်းကလေးတွေဆီမှာ သူများတွေနဲ့ မတူညီတဲ့ အချက်တွေ ရှိလို့နေပါတယ်။ သူတို့ရဲ့ ခံယူချက်တွေ၊ အပြုအမူတွေဟာ တစ်ခြားမိန်းကလေးတွေလို မှီခိုအားကိုးချင်စိတ်၊ ပျော့ညံအားငယ်စိတ်တွေ မရှိတာတော့ အမှန်ပါ။ သူတို့တွေဟာ အချစ်နဲ့ပတ်သက်ပြီး၊ ချစ်ရသူနဲ့ပတ်သက်ပြီးတော့ ထူးခြားတဲ့ အပြုအမူလေးတွေ ရှိတတ်ကြပါတယ်။

 

ချစ်သူအပေါ် အားမကိုးတတ်ဘူး

မိန်းကလေးတော်တော်များများကတော့ သူတို့ရဲ့ ချစ်သူအပေါ် အားကိုးလိုစိတ်၊ မှီတွယ်လိုစိတ် များတတ်ကြပါတယ်။ ဒါပေမယ့် ဒီလိုမိန်းကလေးတွေကတော့ သူများအပေါ် အားကိုးရမှာကို လုံးဝမကြိုက်တတ်ကြသလို ကိုယ့်အားကိုယ်ကိုးတတ်ကြတဲ့ သူတွေပါ။ သူတို့အနေနဲ့ တစ်စုံတစ်ယောက်ကို ချစ်တာက ချစ်တာပေမယ့် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ချင်တဲ့စိတ်က သူတို့ဆီမှာ နဂိုကတည်းက ရှိနေပြီးသားဖြစ်တဲ့ တန်ဖိုးဖြတ်မရတဲ့ အချက်တစ်ခုပါ။

ကိုယ့်ကိုယ်ကို မပျောက်ဆုံးစေဘူး
တစ်စုံတစ်ယောက်ကို ချစ်ပြီး ကိုယ့်ကိုယ်ကို ပျောက်ဆုံးခံမယ့်အထဲမှာ ဒီလိုမိန်းကလေးတွေ မပါဝင်ပါဘူး။ သူတို့ဘယ်လောက်ပဲ ချစ်ရတဲ့ သူပဲဖြစ်ဖြစ် သူတို့ကို ထားရစ်ခဲ့တဲ့၊ နာကျင်စေခဲ့တဲ့သူအတွက် အချိန်တွေ ဖြုန်းတီးဖို့ မထိုက်တန်ဘူးဆိုတာကို နားလည်ပြီးသားပါ။ အသည်းကွဲသွားတဲ့အချိန်မျိုးမှာ ခဏခံစားတတ်ကြပေမယ့် ကိုယ့်ဘဝကိုတော့ အကောင်းဆုံး ပြန်တည့်မတ်နေထိုင်တတ်ကြပါတယ်။ ဒီလိုမိန်းကလေးတွေဟာ တစ်စုံတစ်ယောက်ကို သူတို့ဘဝနဲ့ ရင်းပြီးချစ်ရအောင်ထိတော့ မမိုက်မဲတတ်ကြပါဘူး။

မှားယွင်းစွာ ချစ်ခဲ့ဖူးသူတွေအတွက် နောင်တရမနေဘူး

လူတိုင်းရဲ့ဘဝမှာ မှားယွင်းစွာ ရွေးချယ်ခဲ့ဖူးတဲ့ ချစ်ခြင်းတွေ ရှိတတ်ပါတယ်။ ဒီလိုမှားယွင်းစွာ ချစ်ခဲ့မိလို့ဆိုပြီး တစ်ချိန်လုံး နောင်တရနေရင်တော့ ရှေ့ဆက်ဘဝက ပျော်ရွှင်နိုင်မှာ မဟုတ်ပါဘူး။ အတွေးအခေါ်မြင့်မားတဲ့ မိန်းကလေးတွေကတော့ သူတို့ရဲ့ ဘဝမှာ မှားယွင်းစွာချစ်ခဲ့ဖူးတဲ့သူတွေဆီကနေ သင်ခန်းစာယူပြီး နောင်တရနေတာမျိုးတွေ မဖြစ်တတ်ကြပါဘူး။ မှားယွင်းတဲ့လူတွေကို ရွေးချယ်မိတာဟာ သူတို့အတွက်တော့ လူကောင်း၊ လူဆိုးကို ပိုခွဲခြားသိမြင်နိုင်လာစေပါတယ်။ ကိုယ့်အတွက်မကောင်းခဲ့တဲ့သူတွေအတွက် စိတ်ပင်ပန်းဆင်းရဲ နောင်တရမနေတတ်ပါဘူးနော်။

ခံစားမှုတိုင်းကို ထုတ်မပြတတ်ဘူး
ဒီလို မိန်းကလေးတွေဟာ သူတို့ရဲ့ ခံစားချက်တိုင်းကို ထုတ်မပြတတ်သလို မလိုအပ်ပဲ ခံစားချက်တွေ ထုတ်ပြနေစရာမလိုဘူးလို့လဲ တွေးထားကြသူတွေပါ။ တစ်ခါတစ်လေ ဝမ်းနည်းမှုတွေ၊ နာကျင်မှုတွေဟာ တစ်ခြားသူတွေ ကိုယ့်အပေါ် တိုက်ခိုက်ဖို့ လက်နက်တွေ ဖြစ်သွားတတ်တယ်ဆိုတာကို ကောင်းကောင်းနားလည်တဲ့အတွက် ခံစားချက်တစ်ချို့ကို ဖုံးကွယ်ထားတတ်ကြပါတယ်။ တကယ်လို့ သူတို့ခံစားချက်တွေ ထုတ်ပြတဲ့သူဟာလည်း သူတို့ဘဝအတွက် တကယ့်ကို အရေးပါပြီး သူတို့ချစ်ခင်တဲ့ သူတွေသာ ဖြစ်တတ်ပါတယ်။

Khin