သင့်ရဲ့မွေးနေ့နံအလိုက် ပိုင်ဆိုင်ထားတဲ့ ထူးခြားချက်နဲ့ ကိုယ်ရည်ကိုယ်သွေးများ

လူတော်တော်များများက တစ်ယောက်ယောက်ကို တွေ့တဲ့အခါ စကားများလိုက်တာ သောကြာလား၊ ဒေါသကြီးတယ် စနေလား စသဖြင့် မေးတတ်ကြပါတယ်။ အဲ့ဒီလို အသွင်အပြင်၊ အမူအကျင့်လေးတွေကိုကြည့်ပြီး ကိုယ်မွေးတဲ့နေ့ကို တကယ်ခန့်မှန်းလို့ရနိုင်သလား ဆိုတာ သေချာသိရအောင် မွေးတဲ့နေ့နံအလိုက် ရှိနေကြတဲ့ အသွင်အပြင်နဲ့ အမူအကျင့်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) တနင်္လာ

တနင်္လာနေ့မှာ မွေးတဲ့သူလေးတွေက ကြင်နာတတ်တယ်၊ လူကြီးဆန်တယ်၊ ရုပ်ရည်သွင်ပြင်က ဘာမှထွေထွေထူးထူးပြင်ဆင်မထားတာတောင် ဆွဲဆောင်မှုရှိနေတဲ့သူလေးတွေပေါ့။ တည်ငြိမ်ပြီး လူကြီးဆန်တဲ့ ၊ နွေးထွေးတဲ့ တနင်္လာသားသမီးလေးတွေဟာ ဘယ်ပဲသွားသွား လူချစ်လူခင်လည်းများတဲ့သူလေးတွေဖြစ်ပါတယ်။

(၂) အင်္ဂါ

ရဲရင့်ပြီး ကြောက်စိတ်မရှိတဲ့၊ စိတ်မရှည်တတ်တဲ့၊ တဲ့တိုးစကားတွေပဲပြောတတ်တဲ့၊ အမြဲလိုလို တက်ကြွပြီး အရာရာကိုရင်ဆိုင်နိုင်တဲ့သူလေးတွေပါ။ သူတို့ကိုကြည့်လိုက်ရင် အေးအေးဆေးဆေးနဲ့ ဘာကိုမှ ဂရုမစိုက်တတ်တဲ့ပုံစံမျိုးဖြစ်ပါတယ်။

(၃) ဗုဒ္ဓဟူး

ပေါင်းသင်းဆက်ဆံရေး အရမ်းကောင်းပြီး လူတိုင်းနဲ့ တည့်အောင်ပေါင်းနိုင်တဲ့သူ၊ သူငယ်ချင်းတွေအပေါ်မှာ စိတ်ရှည်ပြီး ကိုယ်ချင်းစာစိတ်အပြည့်ရှိတဲ့သူ၊ ကိုယ့်စိတ်ထဲမှာ ရှိတဲ့အတိုင်း နေတတ်တဲ့သူလေးတွေကတော့ ဗုဒ္ဓဟူးနေ့မှာ မွေးတဲ့သူလေးတွေပါ။

(၄) ကြာဿပတေး

ကြာဿပတေးနေ့မှာ မွေးတဲ့သူလေးတွေက ပျော်ပျော်နေတတ်တယ်၊ ပူပင်သောကတွေကို ခေါင်းထဲသိပ်မထည့်တတ်ဘူး၊ တစ်ယောက်တည်းနေရတာထက် သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ သိုက်သိုက်ဝန်းဝန်း နေရတာ ပိုကြိုက်တဲ့သူတွေဖြစ်ပါတယ်။ ကိုယ်ရောက်နေတဲ့နေရာမှာ ရပ်တန့်မနေဘဲ အမြဲတမ်းတိုးတက်အောင် ကြိုးစားချင်စိတ် ရှိကြသူလေးတွေပါ။

(၅) သောကြာ

သောကြာတွေက ချစ်တတ်တယ်၊ မျှဝေတတ်တယ်၊ အလှအပအရမ်းကြိုက်တယ်၊ စိတ်ကူးယဉ်ဆန်တယ်၊ အထက်တန်းကျတဲ့ ပုံစံမျိုးနေချင်တယ်၊ စိတ်ချမ်းသာဖို့ ဦးစားပေးတတ်တယ်။ အနုပညာအမြင် ရှိပြီး လူချစ်လူခင်များတဲ့သူလေးတွေ၊ အတ္တကြီးတဲ့ တစ်ကိုယ်ကောင်းသမားတွေကိုတောင် ပြောင်းလဲလာအောင် လုပ်နိုင်စွမ်းရှိတဲ့သူတွေဆိုလည်း မမှားပါဘူး။

(၆) စနေ

စနေနေ့မှာမွေးတဲ့သူတွေက လွတ်လပ်မှုကိုမြတ်နိုးတယ်၊ အဆင်မပြေမှုတွေကြုံလာရင်လည်း ခဏပဲ၊ ပြန်အဆင်ပြေသွားတယ်၊ အပင်စိုက်ရတာကို သဘောကျတယ်၊ သူများထက် အောက်ကျနောက်ကျနိုင်တဲ့ ဘဝမျိုးမလိုချင်လို့ အမြဲလိုလို ကြိုးစားနေတတ်ကြတယ်၊ ပညာလေ့လာဆည်းပူးတဲ့နေရာမှာ စိတ်အားထက်သန်တဲ့သူလေးတွေ၊ ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတဲ့သူတွေပါ။

(၇) တနင်္ဂနွေ

ကံကောင်းတဲ့သူလေးတွေ၊ လူတွေအလယ် ထင်ရှားနေတတ်တဲ့သူလေးတွေကတော့ တနင်္ဂနွေသားသမီးလေးတွေပါ။ ဖန်တီးနိုင်စွမ်း အရမ်းကောင်းတယ်၊ အသင်းအဖွဲ့တစ်ခုရဲ့ ဦးဆောင်သူတစ်ယောက်၊ ခေါင်းဆောင်ကောင်းတစ်ယောက်လည်းဖြစ်ပြီး လမ်းမှားရောက်နေတဲ့သူတွေကို လမ်းမှန်ရောက်အောင် ပြန်ပြီးတွန်းပို့ပေးနိုင်တဲ့သူလေးတွေလည်း ဖြစ်ပါတယ်။

MAY THAZINHTOO