ကိုဗစ်ကြောင့် သင်ခန်းစာများလျှော့ခြင်းမဟုတ်ဘဲ စာသင်ခန်းအတွင်းသင်ကြားမှု ၂၀ရာခိုင်နှုန်း လျှော့ခြင်းဖြစ်

ဒသမတန်း(Grade-11) သင်ခန်းစာများကို ကိုဗစ်ကြောင့် လျှော့မည်ဟု ပြောဆိုခြင်းမှာ မဟုတ်မှန်ဘဲ ကျောင်းသားများက ၎င်းတို့ကိုယ်တိုင် အိမ်တွင်လေ့လာနိုင်မည့် သင်ခန်းစာ ၂ဝရာခိုင်နှုန်းကို ကျောင်းအတွင်း သင်ကြားမှုလျှော့ချခြင်းသာဖြစ်ကြောင်း ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ်(လေ့ကျင့်ရေး)ဒေါက်တာဇော်လတ်ထွန်းက ပြောသည်။ ကိုဗစ်ကာလအတွင်း စာသင်ရက် ၅၁ရက် လျော့နည်းခဲ့ခြင်းကြောင်း သင်ခန်းစာ ၁၅ခုရှိလျှင် သင်ခန်းစာ ၃ခုကို ဖြုတ်လိုက်သည့် သဘောမျိုးမဟုတ်ဘဲ အထူးသဖြင့်သင်ရိုးသစ်တွင် Group Activity အုပ်စုလိုက်အပြန်အလှန် ဆွေးနွေးခြင်း၊ ပန်းချီ၊နှင့်ဂီတကဲ့သို့ သင်ခန်းစာအချို့ကို စာခန်းအတွင်းသင်ကြားမှုအချို့ကို လျှော့ခြင်းဖြစ်သည် ဟု ဒေါက်တာဇော်လတ်ထွန်းက ပြောသည်။

“သင်္ချာအခန်း ၁၅ခန်းရှိတယ်။ ၃ခန်းဖြုတ်တယ်ဆိုတာမျိုးမဟုတ်ပါဘူး။သင်ရိုးတွေအားလုံးကတော့ မူလအတိုင်းပဲ။ အိမ်မှာလုပ်ရမှာနဲ့ကျောင်းမှာသင်ရမယ်ဆိုတာမျိုး ကွာသွားမှာပါ။ စာသင်ချိန်လျော့တဲ့အတွက် အချို့ သင်ခန်းစာတွေ သင်ဖို့အချိန်က မလုံလောက်တော့ဘူး။မူလသင်ရိုးရဲ့သင်ခန်းစာ ၈ဝရာခိုင်နှုန်းလောက်ကို စာသင်ခန်းထဲမှာ သင်ဖို့ လျာထားတာပေါ့”ဟု ဒေါက်တာဇော်လတ်ထွန်းက ပြောသည်။ ဇူလိုင်၂၁ရက်တွင်ပြန်လည်ဖွင့်လှစ်မည့် အထက်တန်း Grade-10နှင့်Grade -11 သင်ရိုးများကို အိမ်တွင်လေ့လာရမည့် သင်ခန်းစာ ၂ဝရာခိုင်နှုန်းနှင့် ကျောင်းတွင်သင်ကြားရမည့် သင်ခန်းစာ ၈ဝရာခိုင်နှုန်းအား သက်ဆိုင်ရာ ဘာသာရပ်အလိုက် စာစစ်မှူးချုပ်အဖြစ်တာဝန်ယူထားသော ပါမောက္ခများ၏ ဆုံးဖြတ်ချက်ဖြင့် ဇွန် ၂၃ရက်တွင် အခြေခံပညာဦးစီးဌာသို့ ပေးပို့ပြီးဖြစ်ကြောင်း ဒေါက်တာဇော်လတ်ထွန်းက ပြောသည်။

“ပညာသင်ကြားရေးအခွင့်အလမ်းတွေမဆုံးရှုံးဖို့အဓိကဖြစ်တဲ့အတွက် ကျောင်းမှာ လူစုလူဝေးမဖြစ်အောင်စဉ်စားတာမျိုးကြောင့် အရပ်ထဲကပြောသလိုတော့ သင်ခန်းစာတွေလျှော့တာမဟုတ်ပါဘူး။ အလယ်တန်းနဲ့ မူလတန်းတွေလည်း အဲဒီအတိုင်းပဲဖြစ်မယ်။၈ဝ/၂၀ဖြစ်သွားမယ်”ဟု ဒေါက်တာဇော်လတ်ထွန်းက ပြောသည်။ အခြေခံပညာအလယ်တန်းနှင့်မူလတန်းသင်ရိုးများကိုလည်းအထက်ပါအတိုင်း ကျောင်းတွင် ၈ဝရာခိုင်နှုန်းနှင့် ကျန် ၂ဝရာခိုင်နှုန်းကို ကျောင်းသားကိုယ်တိုင်အိမ်တွင်လေ့လာရမည်ဖြစ်သော်လည်း သင်ရိုးသစ်ပြောင်းလဲထားသော အတန်းများအနေဖြင့် ၂ဝရာခိုင်နှုန်းလျှော့ချခြင်းမှာ သိသာနိုင်ပြီး Grade-11ကဲ့သို့ ရမှတ်နှင့်ဆုံး ဖြတ်သောအတန်းတွင် ကျူရှင်စနစ်ကို အားပေးသဖွယ်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများအဖွဲ့ချုပ်မှ သင်ရိုးညွှန်းတမ်းရေးဆွဲရေးအဖွဲ့ဝင် ဦးအေးမင်းထိုက်က သုံးသပ်သည်။

ကိုဗစ်ကာလအတွင်း ပညာရေးဝန်းကြီးဌာနအနေဖြင့် သင်ယူမှုအခွင့်လမ်းများမဆုံးရှုံးစေရေးက ပထမဖြစ်ပြီး ယခုကဲ့သို ၈ဝ/၂ဝ သင်ကြားရေးစနစ်တွင်လည်း အားနည်းချက်များရှိရာ Grade-11အတန်း စာမေးပွဲကာလကို နောက်ဆုတ်ပေးခြင်းဖြင့် ဖြေရှင်းနိုင်သည်ဟု ၎င်းက အကြံပြုသည်။ “သင်ရိုးသစ်ပြောင်းထားတဲ့ အတန်းတွေမှာ ကျောင်းမှာလုပ်ရမယ့် Activity‌တွေလျှော့ချတယ်လို့မြင်ပါတယ်။ ကျောင်းမှာတော့ လူစုလူဝေးလျှော့တဲ့အတွက် ကောင်းသလို၊တစ်ခုရှိတာက Home Study ပေးလိုက်လို့ကျောင်းသားတွေက အိမ်မှာလုပ်မယ်မထင်ပါဘူး။ဆယ်တန်းတွေကို Home Study ပေးရင်ဘာဖြစ်လာမလဲဆိုတော့ ကျူရှင်တက်တာတို့ Guide ခေါ်သင်တာတို့ဖြစ်လာမှာ သေချာတယ်”ဟု ဦးအေးမင်းထိုက်က ပြောသည်။

ကိုဗစ်ကာလအတွင်း လူစုလူဝေးဖြင့် ကျူရှင်သင်လျှင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနှင့် ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေးဥပဒေတို့ဖြင့်အရေးယူနိုင်ကြောင်း အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ဇွန်လအစောပိုင်းတွင် သတိပေးထားသည်။ ယင်းသို့ သတိပေးထားသည့်အပေါ် ဆရာ၊ဆရာမများက ကန့်ကွက်ခဲ့ပြီး လက်တွေ့မကျသဖြင့် ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာန ချမှတ်ထားသော စည်းကမ်းများလိုက်နာပါက ကျုရှင်သင်ခွင့်ပြုရန် ပျဉ်းမနား ဘာသာရပ်သင်ကျောင်းဆရာ၃၅ဦးက လက်မှတ်ရေးထိုး၍ ဇွန်၂ဝရက်တွင် သဘောထား ထုတ်ပြန်ခဲ့သည်။

ယာယီပိတ်ထားသောကျောင်းများကို ဇူလိုင် ၂၁ရက်တွင် ပြန်လည်ဖွင့်လှစ်ချိန်၌ ဖွင့်လှစ်ခွင့်ပြုသည့်စာရင်းတွင် ဘာသာရပ်သင်ကိုယ်ပိုင်သင်တန်းများ ပါဝင်းခြင်းမရှိပေ။ ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းတည်ထောင်သူများနှင့် သင်ကြားရေးဆရာ၊ဆရာမတို့သည် ကပ်ရောဂါကြောင့် စာဝတ်နေရေးအခက်ခဲများ ဖြစ်ပေါ်နေသဖြင့် အစိုးရစာသင်ကျောင်း၊ကိုယ်ပိုင်ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနည်းတူ ကိုယ်ပိုင်သင်တန်းကျောင်းများကိုလည်း ညွှန်ကြားချက်နှင့်အညီ ခွင့်ပြုပေးရန် ၎င်းတို့က ပညာရေးဝန်ကြီးဌာနအား တိုက်တွန်းထားသည်။

မြန်မာတိုင်းမ်