ကိုဗစ်ပိုးတွေ့လူနာသေဆုံးမှု ၁၀၀ ဦးတွင် ၂ဦးနှုန်းထိရှိလာပြီး Fever Clinic များတွင်အချိန်မီ ပြသသင့် ဟုဆို

ကိုဗစ်ပိုးတွေ့လူနာသေဆုံးမှု ၁၀၀ ဦးတွင် ၂ဦးနှုန်းထိရှိလာပြီး Fever Clinic များတွင်အချိန်မီ ပြသသင့် ဟုဆို
================================
ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ယနေ့(စက်တင်ဘာလ ၂၇ရက်) ည ၈နာရီထုတ်ပြန်ချက်တွင် ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရသူများအနက် သေဆုံးသူ ၂၈ဦးထိရှိခဲ့ပြီး ပိုးတွေ့ ၁၀၀ ဦးတွင် သေဆုံးနှုန်း ၂ ဦးအထက်ထိ စံချိန်တင် မြင့်တက်လာခဲ့သည့်သဘောဖြစ်နေကြောင့် Fever Clinic များတွင် အချိန်မီ ပြသခြင်းများ ပြုလုပ်သင့်ကြောင်း Community Fever Clinic Network (ရန်ကုန်) မှ တာဝန်ခံ ဆရာဝန် ဒေါက်တာ ကျော်မင်းထွန်းကပြည်မြန်မာကို ပြောသည်။

”အခုချိန်ကတော့ အရမ်းအရေးကြီးကာလပေါ့နော် ။ ကူးစက်မှုကလည်း တော်တော်များများမှာ ရှိလာနေပြီဆိုတော့လေ တစ်ခုခုဆိုရင် ဖျားနာကုဆေးခန်းတွေကို
လာပြကြပါ ။ ဖုန်းဆက်ပြီးတော့လည်း မေးမြန်းနိုင်ပါတယ်။ ကျွန်တော်တို့ကို တိုင်ပင်ပါ။ ဆွေးနွေးပါ။ အခုတော်တော်များများက ဆေးရုံရောက် နောက်ကျကြတယ်။ အဲ့လူနာတွေက ကျွန်တော်တို့ကိုလည်း လာအကြောင်း မကြား ၊ လာ
လည်းမပြကြ ၊ အိမ်မှာပဲနေပြီးတော့ ကြိတ်ပြီးတော့ ကုကြတယ်။ အိမ်မှာ အဆင်ပြေသလိုလုပ်ကြပြီးတော့ ဘယ်လိုမှမရတော့မှ ဆေးရုံလာကြတယ်။ အကြံပေးချင်တာက အဲ့ဒီလိုတွေ အတက်နိုင်ဆုံးမလုပ်ကြပါနဲ့။ ဖျားတာပဲ ဖြစ်ဖြစ် ၊ အနံ့ပျောက်တာပဲ ဖြစ်ဖြစ် ကျွန်တော်တို့ Fever Clinic Network မှာ ဖုန်းနံပါတ်တွေ ရှိတယ် ။ ဖုန်းတွေလည်း ဆက်ကြပါ။ လာပြီးတော့လည်း ပြသကြပါ” ဟု ယင်းက ပြောသည်။

ကိုဗစ်အတည်ပြု လူနာများသေဆုံးမှုတွင် ရိုးရိုးဆေးရုံများ၌ ကိုဗစ်သံသယလူနာများ အဖြစ် သေဆုံးမှုများက ပိုများနေသည့်အပြင် ယနေ့ည သေဆုံး ၂၈ဦးတွင် သေဆုံးပြီးမှ ကိုဗစ်ရောဂါပိုးရှိကြောင်း စစ်ဆေးတွေ့ရှိရသည့် လူနာ ၁၇ ဦးအထိ ပါဝင်နေခြင်းဖြစ်ကြောင်းသိရသည်။

ယင်းသေဆုံးလူနာများသည် ဆေးရုံသို့ အရောက်နောက်ကျကြောင်းတွေ့ရှိရပြီး တချို့လူနာများဆိုလျှင်
ဆေးမကုသရသေးမီ သေဆုံးကြကြောင်း ဗဟိုကူးစက်ရောဂါ
တိုက်ဖျက်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ပြောဆိုထားသည်။

ယင်းအခြေအနေရှိနေသဖြင့် ရောဂါပြင်ထန်းမှုမရှိသည့် လူနာများ ဆေးရုံသို့ အချိန်မီ လာရောက်ပြသလျင်လည်း လူနာများပြည့်နေသောကြောင့် တချို့ လူနာများကို ပြန်လွတ်မှုများ ရှိနေသဖြင့် တာဝန်ရှိသူများ၏ စီစဉ်ဆောင်ရွက်မှုပေးမှုများကို ဝေဖန်မှုများလည်း ရှိနေကြသည်။

” အခုကာလမှာ ပုဂ္ဂလိက အထူး ဆေးရုံ၊ ဆေးခန်းတွေက ကြည့်လို့ မရဘူး။ ကြည့်လိုက်ရင် ပြဿနာရှိတယ်။ ကွာရန်တင်းမိမှာတို့ ၊ ဆေးရုံပိတ်လိုက်ရမှာ တို့ ရှိနေတော့ ကိုဗစ်သံသယ လူနာတွေကို မကြည့်ပေးဘူးပေါ့နော်။ အစိုးရဆေးရုံတွေ ကျတော့လည်း လူနာတွေ ပြည့်နေတော့ သိပ်အရေးမကြီးရင် ပြန်လွတ်တာတွေရှိနေတယ်။ ဒါကြောင့် ကျွတော်တို့ Fever Clinic တွေက ကိုဗစ်သံသယလူနာတွေကို ကြည့်ပေးဖို့ အဓိက ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ကျွန်တော်တို့ဆီမှာ လူနာတွေကို ပြန်လွှတ်တာမရှိဘူး။ လူနာတွေ အရမ်းများလို့ မစောင့်နိုင်ဘဲ ပြန်တာတွေတော့ ရှိပါတယ်” ဟု ဒေါက်တာ ကျော်မင်းထွန်းက ပြောသည်။

ကိုဗစ်ပိုးတွေ့ လူနာများမှာ နေ့စဉ် အများအပြားတွေ့ရှိရနေသဖြင့် Fever Clinic များကို ရန်ကုန်မြို့ရှိ မြို့နယ်တိုင်းတွင် တိုးချဲ့ဖွင့်နိုင်ရန်စီစဉ်လျက်ရှိနေပြီး ယနေ့( စက်တင်ဘာလ ၂၇ ရက်)တွင် အလုံမြို့နယ် နှင့် ဒေါပုံမြို့နယ်တို့တွင် Fever Clinic နှစ်ခုထပ်မံဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် လက်ရှိဖွင့်လှစ်ထားရှိသည့် မြို့နယ် ၂၀ခုရှိ Fever Clinic များတွင် အနံ့ပျောက်သူများအား Isolation Center များ ဖွင့်လှစ်၍ သီးသန့်ထားရှိနိုင်ရန်
ဆောင်ရွက်နေကြောင်း သိရသည်။

မိုင်းစောလွင် (သတင်း၊ ဓာတ်ပုံ)

Pyi Myanmar

Unicode

================================

 



 




 




Pyi Myanmar